အိမ်မဲ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လည်ပိုင်းက (အ.မ.က) မူလွန် ဆိတ်ချေးကုန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် စသည့်ခေါင်းစဥ်များဖြင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသ ရရှိစေမည့် စာအုပ်၊ စာစောင်များ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်(ပြန်/ဆက်)