မြဝတီ ဒီဇင်ဘာ ၇
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလွန်(မြဝတီ)ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်း၊ မီးခိုးမြူငွေ့ကြောင့် လူနှင့်သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့်ဆိုးကျိူးများ၊ စက်ရုံ/အလုပ်ရုံမှ ထွက်ရှိသည့် မီးခိုးငွေ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ ထွက်ရှိသည့် ဖုန်မှုန့်များ၊ ယာဉ်များမှ ထွက်ရှိသည့် မီးခိုငွေ့များကြောင့် လေထုညစ်ညမ်းပြီး လူသားတို့၏ ကျန်းမာရေးကိုများစွာထိခိုက်နိုင်၍ သတိပြုလိုက်နာရမည့် အချက်များ၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူးသက်ဇော်ထွန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ လူကုန်ကူးမှုခံရနိုင်သည့် အသက်အရွယ်၊ လူကုန်ကူးမှုခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များနှင့် လူကုန်ကူးမှုမခံရစေရန် သတိပြုရမည့်အချက်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိပြီးသောလွတ်လပ်ရေး ထာဝစဉ်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရေးတို့ကို ဟောပြောပေးခဲ့သည်။
ထို့နောက် ဟောပြောသည့်အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ကြရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးပြီး ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး၍ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း (မြဝတီ)