ပွင့်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာနှင့် နန်းတော်ကျွန်း ကျေးရွာအုပ်စု၊ ထူးကျေးရွာတို့တွင် ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာတွင် လူနေအိမ် ၁၂ လုံး ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ၊ ထူးကျေးရွာတွင် လူနေအိမ် ၈ လုံး ၊ စုစုပေါင်း လူနေအိမ် အလုံး ၂၀ ပြောင်းရွှေ့ရကြောင်း သိရကာ ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရေးအတွက် တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းပူးပေါင်း၍ ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)