မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကား ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေ ရန်ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဝဲဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ဝဲဒေါင့်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဗိုလ်မင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံ‌ရဲ့ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်လာစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်မျာအ‌နေဖြင့် အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းစတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် Grad-11 မှ ကျောင်းသူ မချစ်စုအောင်က "လူငယ်နှင့်နည်းပညာ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 မှ ကျောင်းသူ မနန်းစုဝေက "လူငယ်နှင့်ကိုယ်ကျင့်တရား" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 မှ ကျောင်းသူ မစုမြတ်နိုင်က "လူငယ်နှင့်စည်းကမ်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 မှ ကျောင်းသား မောင်ကောင်းခန့်ဇော်က "လူငယ်နှင့် ဆိုရှယ်မီဒီယာ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-7 မှ ကျောင်းသူ မရွှန်းလဲမွန်က "လူငယ်နှင့်စာပေ" ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦး‌ဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါအခမ်းနားသို့ ကျောင်းသား၊ ကျောင်းသူ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)