ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဒီဇင်ဘာ ၇

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွှဲ (၂)နာရီက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးသည့် အရေးကြီးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အင်မတန်အရေးကြီးပါကြောင်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်တွင်လည်း ကဏ္ဍအမျိုးမျိုးရှိသည့်အနက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများနှင့် ရုံးများ၏ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ရသကဲ့သို့ ရုံးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရေးအတွက် သင်တန်းများ၊ မွမ်းမံသင်တန်းများ ကျင်းပပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံရေးတို့အတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအဆင့် ဆရာ၊ ဆရာမများက (၅)ရက်ကြာ လေ့လာသုံးသပ်တင်ပြချက်အရ အထက်တန်းအဆင့် Grade 10, 11, 12 ဘာသာရပ်အလိုက် Video သင်ခန်းစာ Memory Stick များအား ဆရာ၊ ဆရာမများ အတွက်သာမက ကျောင်းသား၊ ကျောင်းသူများအတွက် အလွန်အကျိုးရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများတစ်ဦးချင်း အသုံးပြုနိုင်ရန်ရည်ရွယ်၍ Video သင်ခန်းစာ Memory Stick များကို ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် မင်းတပ်မြို့နယ်ရှိ Grade-10 အတွက် (၁၄၁)ခု၊ Grade-11 အတွက် (၁၂၁)ခု ၊ Grade-12 အတွက် (၅၁)ခု စုစုပေါင်း (၃၁၃)ခု ထောက်ပံ့ပေးနိုင်ခဲ့ကြောင်းနှင့် ဤသင်ထောက်ကူပစ္စည်းများကို သက်ဆိုင်ရာဘာသာပြ ဆရာ၊ ဆရာမများထံ စနစ်တကျလွှဲပြောင်း ပေးရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဗန်ရိုထန်းက ချင်းပြည်နယ်၏ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးပို့သော ချင်းပြည်နယ်အတွင်း ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် (၁၅၀)ဒါဇင်နှင့် ကျောင်းဝတ်စုံ (၁၅၀)စုံကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်ကလည်းကောင်း၊ ဟားခါးမြို့နှင့် တီးတိန်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများအတွက် အထွေထွေရန်ပုံငွေထောက်ပံ့ငွေများကို သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း၊ ဆရာ၊ ဆရာမများအတွက် သင်ကြားသင်ယူမှုအထောက်အကူပြု Video သင်ခန်းစာ Memory Stick များကို လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)