အမာ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က ကျောင်းဝင်းအတွင်းရှိ ရတနာဆောင်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄ ခုနှစ်အတွက် ပညာရေးစုံညီပွဲတော် ကျင်းပမည့်လုပ်ငန်းစဥ်များအကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးတို့ကို တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားမိဘများအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင်နာယက ဦးကျော်တင်ရှိန်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ပွဲတော်များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ ကော်မတီအဖွဲ့မှ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့်အချက်များနှင့်ပတ်သက်၍ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် အထက်တန်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ အထက်တန်းအဆင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)