ကန့်ဘလူ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ (၇၅) ကြိမ်မြောက် မဟာဘုံကထိန်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုမှ ဘုံမဟာကထိန်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က မြို့ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဩကာသကန်တော့ချိုးဖြင့် ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့ဦးကျောင်းတိုက် ဆရာတော် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တတေဇိန္ဒသာရ ထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များက ရွတ်ပွားပူဇော်ကြသော မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူ ကြည်ညိုပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်နှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော် ဘဒ္ဒန္တတေဇိန္တသာရထံမှ ကထိန်အနုမောဒနာတရား နာယူကြည်ညိုကြ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထိုသို့ လှူဒါန်းရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လှည့်လည်ပွဲများမပြုလုပ်တော့ဘဲ ကထိန်ပြုလုပ်မည့် ကျောင်းတိုက် များသို့ ပို့ဆောင် လှူဒါန်းကြခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)