ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားဖွံ့ဖြိုးစေရေးကို ရည်ရွယ်၍ ယမန်နေ့နံနက်(၁၁)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်အတူ ကျောင်းသားလူငယ်၊ မောင်မယ်များအနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာများများဖတ်ကြရန် တိုက်တွန်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက စားသုံးကုန်များတွင်တွေ့ရသော ဆိုးဆေးများ၏အန္တရာယ်များ၊ မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များ၊ လူသုံးကုန်များ၏ အန္တရာယ်များအား အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် ဟောပြောမှုများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံ အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ သုတ၊ ရသစုံ စာအုပ်စာစောင်များအား ချိတ်ဆွဲ၊ ခင်းကျင်းပြသရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)