ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းနှင့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

ဘားအံ ဒီဇင်ဘာ ၇

 ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ထုံးအိုင်တိုက်နယ်အတွင်းရှိ ဆောင်းမြေပဲတစ်ကွင်းတစ်ဆက်တည်း ဧက(၆၀၀) စိုက်ခင်းအား လှည့်လည်ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထုံးအိုင်တိုက်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဆွေးနွေးကာ မြေလွတ်မြေလပ်မချန်ဘဲ စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် လိုအပ်မသည့် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ မြေနေရာ၊ စက်ပစ္စည်းနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ထုံးအိုင်တိုက်နယ်တွင် ဆောင်းသီးနှံစိုက်ဧက (၁၀၅၈၁)ဧကရှိပြီး ဆီထွက်သီးနှံဆောင်းမြေပဲ (၂၆၅၀)ဧက စိုက်ပျိုးကာ ပြောင်းဖူး၊ ငရုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ ကြက်ဟင်းခါး၊ ပဲတောင့်ရှည်၊ ရုံးပတီအစရှိသော စားဖိုဆောင် သီးနှံဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုး (၇၉၃၁)ဧက စိုက်ပျိုးကြောင်း ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်တိုက်နယ်အတွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသော စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး သီးနှံစိုက်ခင်းများအတွင်း သွင်းအားစုနှင့်စိုက်ပျိုးရေးသုံးစက်ကိရိယာများ လွယ်ကူစွာဝင်ထွက်သွားလာနိုင်ရေး ကုန်ထုတ်လမ်းတစ်လမ်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-တောင်သူကုန်း-ခြံကလေး ကျေးရွာချင်းဆက်လမ်း လမ်းဘေးဝဲယာတစ်လျှောက်ရှိ အောင်မြင်ဖြစ်ထွန်းနေသော ပဲအမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံဟင်းသီး ဟင်းရွက်စိုက်ခင်းများအား မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုအားပေးသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထုံးအိုင်တိုက်နယ်၊ နောင်ထလုံးကျေးရွာရှိ တောင်သူဦးစံသိန်း၏ အသားတိုးဝက် (DYL) (၄၁)ကောင်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးပြီး တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည့်အရင်းအနှီးနှင့် မြေနေရာများထောက်ပံ့ပေးနိုင်ရန် ဆွေးနွေးပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော တိရစ္ဆာန်ဆေးဝါးများကို  ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဘားအံ-ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ တောင်သူဦးစောထက်ဝင်း၏ ငါးမွေးမြူရေးကန် ဧက(၂၀)အား သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေးလုပ်ငန်း တိုးချဲ့မွေးမြူနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ငါးမွေးမြူရေးကန်များအား လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု၌ ရေကျနောက် စိုက်စပါးအောင်ရေရရှိနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ အလျား (၂၁၀၀)ပေ၊ အကျယ် (၅)ပေရှိ မြို့ရှောင်လမ်းဘေးဝဲယာ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

အလားတူ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၅)ရက်နေ့ မွန်းလွဲ (၂)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအဆင့်တွင် အမြင့်ဆုံးဖြစ်ပြီး ကျောင်းသားလူငယ်လေးများ၏ ဘဝတစ်ဆစ်ချိုးကိုပြောင်းလဲပေးနိုင်သော စာမေးပွဲဖြစ်သည့်အတွက် အရေးကြီးပြီး အောင်ချက်မြင့်မားရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ (၃)နှစ်တာကာလ အောင်ချက်နှင့် ဂုဏ်ထူးရအခြေပြုစာရင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပထမနှစ်ဝက်ဖြေဆိုပြီး အောင်ချက်အခြေပြုစာရင်း၊ သက်ဆိုင်ရာတက္ကသိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်မည့်အစီအစဉ်၊ ကျောင်းသားဦးရေ၊ ဖြေဆိုမည့်ဌာနနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် အောင်ချက်မြင့်မားရေး ကြိုတင်ပြင်ဆင်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)