ကြံခင်း ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျွန်းပုလုကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို သောကြာဒူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းလတ် အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မျိုးဆက်သစ်လူငယ်များ စာကြည့်တိုက်များကို ဝင်ထွက်သွားလာပြီး လေ့လာဖတ်ရှုတတ်သည့် အလေ့အထရှိလာစေရန်၊ စာပေဖတ်ရှုရခြင်းကြောင့် အကောင်းအဆိုးခွဲခြားတတ်လာစေရန်၊ လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ အချင်းချင်းပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့်ကျောင်းလူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ရွက်ကာ Grade- 9 ကျောင်းသားမောင်ဆန်းမင်းခန့်က (လူငယ်နှင့်စည်းကမ်း)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မကဗျာပြည့်ဖူးနွယ်က (လူငယ်နှင့်အားကစား)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မဟေမာန်ဂျူးဂျူးက (လူငယ်နှင့်ကိုယ်ကျင့်တရား)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 9 ကျောင်းသူ မအိသဇင်ဇော်က (လူငယ်နှင့်ကျန်းမာရေး)ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကာ ဆွေးနွေးချက်များအပေါ် ကျောင်းတာဝန်ခံဆရာမကြီး ဒေါ်လှလှမြင့်က သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြပြီး ကျောင်းစကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ ကျောင်းတာဝန်ခံဆရာမကြီး ဒေါ်လှလှမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။
ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညားပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)