ရေဦးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရေဦး ဒီဇင်ဘာ ၇

ရှေးဦးစွာ ရေဦးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်‌ငွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင်  လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုပြီး စဉ်းစားတွေးခေါ် တီထွင်ကြံဆမှုစွမ်းရည် မြင့်မားလာစေပြီး ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ရရှိလာစေရန် ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲကိုစတင်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး  ဒေါ်လဲ့လဲ့ဝင်းမောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသူ  မအိမြတ်မောင်က  "လူငယ်နှင့်ယဉ်ကျေးမှု"၊ မရောင်စဉ်သူရိန်က "လူငယ်နှင့်စာ‌ပေ" မလင်းသီရိအောင်က "လူငယ်နှင့်ကျန်းမာရေး"  Grade 10 ကျောင်းသူ မနိုရာလှိုင်က "လူငယ်နှင့်အနာဂတ်" မောင်ထက်ဝေယံဇော်က "လူငယ်နှင့်အားကစား" စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကို မေးမြန်းရာ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း  ဆွေးနွေး‌ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက ပြန်ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြပြီး ဖတ်ရှု့လိုသည့်စာအုပ်များကိုလည်း အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)