မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ပြည်သူများယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် မော်တော်ယာဉ် ဥပဒေနည်းဥပဒေများအား သိရှိလိုက်နာကျင့်သုံးစေရန်အတွက် ရည်ရွယ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မုံရွာမြို့နယ် အမှုဆောင်အရာရှိ ဦးထွန်းထွန်းက အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးဗညားအောင်နှင့် စစ်ဆေးရေးမှူး-၃ ဦးကျော်လွင်ဦးတို့က ယာဉ်စည်းကမ်းနှင့် ယာဉ်လိုင်စင်၊ လူလိုင်စင်တို့ အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ အမှတ်(၁၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကောင်းမြတ်သူက ၂၀၂၂ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပါ ယာဉ်မောင်းနှင်သူများလိုက်နာရမည့် အချက်များအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အသိပညာ‌ပေးဟောပြောပွဲသို့ တက်ရောက်လာသူဝန်ထမ်း(၃၀၀)ဦး‌ကျော်အား အမှတ်(၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်းလိုက်နာကြပါစို့ အသိပညာ‌ပေးလက်ကမ်းစာစောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ‌ပေးလက်ကမ်းစာစောင်များကိုလည်းကောင်း အသီးသီးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)