ဖောင်းပြင်မြို့တွင် အလွတ်တန်းဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဖောင်းပြင် ဒီဇင်ဘာ ၇

‌ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်နှင့် ဒီဇင်ဘာလ အားကစားပွဲတော် အမျိုးသား/ အမျိုးသမီး အလွတ်တန်းဖိတ်ခေါ် ဖူဆယ်‌‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၅-၁၂-၂၀၂၄ ရက်နေ့ ညနေ ၂ နာရီ အချိန်က စတင်ကာ မြို့နယ်အားကစားကွင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမျိုးသမီးအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားရာတွင် အ.ထ.က(ဖောင်းပြင်) ကျောင်းအသင်းနှင့် ရွှေညောင်ပင်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အ.ထ.က(ဖောင်းပြင်) ကျောင်းအသင်းက‌ ရွှေညောင်ပင် ကျေးရွာအသင်းကို (၄) ဂိုး၊ ဂိုးမရှိ အနိုင်ရရှိသွားသည်။

ဆက်လက်ပြီး အမျိုးသားအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားရာတွင် Eagles အသင်းနှင့် Authentic Fc အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Eagle အသင်းက Authentic အသင်းကို (၄)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသား၊ အမျိုးသမီးအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ အသင်းများ ဒုတိယစကခမှူး ဗိုလ်မှူးကြီးကျော်ဇောနှင့် တာ၀န်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲများကို နို၀င်ဘာလ(၁၅)ရက်မှ စတင်ကစားခဲ့ခြင်းဖြစ်ပြီးအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်း (၁၆)သင်း၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်း (၆)သင်းတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)