ပုသိမ် ဒီဇင်ဘာ ၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ (၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ရာ ပုသိမ်လေဆိပ်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ငွေဆောင်အပန်းဖြေဆင်စခန်းသို့ သွားရောက်ရာ ဆင်စခန်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆင်စာများကျွေး၍ ဆင်လိမ္မာများ၏ ဆင်အလှပြကွက်များအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ငွေဆောင်မြို့ ESKALA ဟိုတယ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများကကြိုဆိုခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ငွေဆောင်ကမ်းခြေတွင် လှည့်လည်ကြည့်ရှုခဲ့ပြီး လမ်းလျှောက်အပမ်းဖြေခြင်း၊ ရေကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ညပိုင်းတွင် ESKALA ဟိုတယ်၌ ညစာစားပွဲအခမ်းအနားကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အဦများ၊ တန်ခိုးကြီးဘုရားစေတီများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ နယ်မြေတစ်ခုလည်းဖြစ်ပြီး ရေလမ်း၊ ကုန်းလမ်းအပါအဝင် လေကြောင်းဆက်သွယ်ရေးများနှင့် အချိန်ရာသီမရွေး သွားလာနိုင်သော တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုနှင့် ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့မျက်မှောက်အချိန်တွင် ခိုင်မာမှုအားအကောင်းဆုံး အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Oolက နိုင်ငံနယ်နိမိတ်ချင်းထိစပ်မှုမရှိဘဲ ဝေးကွာနေသော်လည်း နှစ်နိုင်ငံဆက်ဆံရေး နီးစပ်ရင်းနှီးခင်မင်စွာ တွေ့ဆုံကြရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လာရောက်လည်ပတ်စဥ် ရင်းနှီးချစ်ကြည်စွာ ကြိုဆိုဧည့်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီး ညစာသုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)