ဟင်္သာတ ဒီဇင်ဘာ ၇
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် ငါးခုံစုကျေးရွှာ အလယ်တန်းကျောင်းခွဲတွင် အသိပညာပေး၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပွဲတွင် ငါးခုံစုအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးရဲမောင်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက "စာဖတ်ကြပါစို့" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ ဗဟုသုတရစေမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နံရံကပ်စာစောင်များ၊ မှုးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် ဗဟုသုတရစေမည့် စာအုပ်စာစောင်များကို ပြသခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကိုလည်း လှူဒါန်းခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ပြာကတတ် အုပ်စု(ငါးခုံစု) ကျေးရွှာ ရောင်နီဦးစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမှ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)