လက်ပံတန်း ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်မောင်မယ်များအား ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်လူငယ်များ ပေါ်ထွန်းလာရေး မျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်သော "လူငယ်စကားဝိုင်း"ကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(ကျေးနီ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစောရှီးရှိုထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ပြေားကြားခဲ့သည်။
ထို့နောက် "လူငယ်စကားဝိုင်း"ကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)တို့က ညှိနှိုင်းရေးမှူး (Moderator)များအဖြစ် ဆောင်ရွက်ကြပြီး အ.ထ.က(ကျေးနီ) Grade-12 မှ မောင်ထူးအောင်အောင်နှင့် မဖူးပွင့်ခိုင်တို့က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"၊ Grade-11 မှ မောင်နန်းထွဋ်ဇော်နှင့် Grade-12 မှ မဆင်းရနံ့သာတို့က "လူငယ်နှင့်ပညာ" ခေါင်းစဉ်တို့ဖြင့် ကဏ္ဍအလိုက် သိမှတ်ဖွယ်ရာအကြောင်းများကို ဦးဆောင် ပြောဆိုဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ကဏ္ဍအလိုက် ဆွေးနွေးမှုများအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးကြပြီး အ.ထ.က (ကျေးနီ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်နွဲ့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)