ကော့ကရိတ် ဒီဇင်ဘာ ၇
ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်း အကြောင်းအရာများ နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေက အဖွင့်အမှာစကားပြောကြားပြီး ဒုမြို့နယ်ပညာရေးမှူး စောဂျဲလေးက ကျောင်းသား/သူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းနိုင်စေရေးအတွက် မှတ်သားဖွယ်ရာများကို ပြောကြားခဲ့ကြသည်။
ထိုနောက် ယာဉ်ထိန်းရဲအုပ်မှ ယာဥ်အန္တရာယ်ကင်းရှင်းရန်နှင့် ယာဥ်တိုက်မှု လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်လိုက်နာရမည့် စည်းကမ်းချက်များ၊ နည်းဥပဒေပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မောင်းနှင်စီးနှင်းရေးစသည့် သတိပြုရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)