ဟင်္သာတ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အိပ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူတွေကို အမှတ်ရစေရန် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရောဂါရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသော စိတ်ဓာတ်များဖြင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းရေး စသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် နှစ်စဥ် ဒီဇင်ဘာလရောက်တိုင်း ကျင်းပနေကြကြောင်း၊ ယခုနှစ်တွင်လည်း "အေအိုင်ဒီအက်စ် ကင်းဝေးဖို့၊သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့" ဆိုသော ဆောင်ပုဒ်နှင့်အညီ ပြည်သူတစ်ရပ်လုံးက အားလုံးပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက်အခမ်းအနားကို တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသော ပြခန်းငယ်တွင် ဆေးဝါးအထောက်အကူပြုပစ္စည်းများ၊ HIV/AIDS ရောဂါကာကာကွယ်သည့် ဆေးဝါးများ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများမှ ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ခရိုင်နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)