မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (၇၀၀-ဧက) အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် မွှန်းညောင်ပင်သာကျေးရွာ တိုက်နယ်ဆေးရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းကအောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိစဥ် ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေ) တိုင်းဒေသကြီးဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူတို့က စီမံကိန်းတည်ဆောက်မှု၊ စီမံကိန်းတည်ဆောက်ဆဲကာလအတွင်း စိုက်ပျိုးရေပေးဝေမှုနှင့်စပ်လျဥ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအား စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးအသိပညာပေး အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားကာ၊ တောင်သူများအနေနဲ့ မိမိတို့စိုက်ပျိုးသည့်သီးနှံများ စျေးကောင်းရရှိရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးဖို့လိုအပ်သလို စပါးတစ်ဧကလျှင် တင်း(၁၅၀)ထိ ထွက်ရှိနိုင်ပြီးတစ်ဧက ဝင်ငွေပိုမိုရရှိနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် နိုင်ငံတော်အား အထောက်အကူပြုနိုင်စေရေးကို အလေးထား၍ သီးနှံများအထွက်တိုး အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသောဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဒေသလိုအပ်ချက် ဆွေးနွေးတင်ပြမှုများအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာကျေးရွာရှိ စိုက်ပျိုးအောင်မြင်နေသည့် ကွင်းအမှတ်(၄၃၂)ရှိ တောင်သူဦးသိန်းမြင့်၏ လယ်ယာမြေဧက(၀.၃၁)ဧကသို့ရောက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ အဆိုပါ မျိုးစပါးစိုက်ပျိုးထွက်ရှိမှုနှင့်ပတ်သက်၍ စိုက်စနစ်အနေဖြင့် ၈"x၆"၊ ကောက်ကွက်ပျမ်းမျှ (၁၁၅၀၀၀)ဖြစ်ပြီး အောင်နှံပါပင်ပွား(၈) ပင်၊ တစ်နှံပါအောင်စေ့ (၉၆) စေ့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုက်လံကြည့်ရှု့၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာကျေးရွာရှိ တိုက်နယ်ဆေးရုံ အသက်ကြီးဘိုးဘွားများ၊ လူနာများအား တွေ့ဆုံ၍ အလှူငွေနှင့် ကြက်ဥများပေးအပ်ကာ အားပေးစကားပြောကြားခဲ့ပြီး တိုက်နယ်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွှန်းညောင်ပင်သာကျေးရွာရှိ တိုက်နယ်ဆေးရုံရှင်းလင်းဆောင်၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက တိုက်နယ်ဆေးရုံသမိုင်းကြောင်း၊ ဆေးရုံ၏ကုသမှုအခြေအနေ၊ ဆေးရုံ၏လိုအပ်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း (ဆင်ပေါင်ဝဲ)