ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေး၌ မီးဘေးလုံခြုံရေး စစ်ဆေး

ဇီးကုန်း ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာမြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဈေးကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်ကျော်သူနှင့် ဝန်ထမ်းများက ပူးပေါင်း၍ ပွင့်လင်းရာသီတို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန်အတွက် မီးသတိရှိရေး အထူးဂရုစိုက်ကြရန်နှင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် အပေါ့စားလက်ဆွဲရေစုပ်စက်တပ်ဆင်ထားရှိမှု၊ ဈေးအတွင်း မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေများ၊ စင်မြင့်ရေလှောင်ကန်ရေစင်ထားရှိမှုနှင့် ရေပိုက်လိုင်းနှင့် မီးသတ်ရေငုတ်များတပ်ဆင်ထားမှုအခြေအနေများ၊ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများနှင့်  မီးစနစ်တကျကိုင်တွယ်သုံးစွဲခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး၊  မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို ဈေးကော်မတီဥက္ကဋ္ဌနှင့် ဈေးသူဈေးသားများကို အသိပညာပေးပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို  ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးဇတ်တိုက်သရုပ်ပြ‌လေ့ကျင့်ခြင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)