မုံရွာ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း လက်ရှိဖွင့်လှစ်ထားသည့် ဟိုတယ်၊ တည်းခိုရိပ်သာ (၄၂)လုံးတွင် ဝန်ထမ်းစုစုပေါင်း (၃၆၁)ဦးရှိပြီး ဆက်စပ်ခရီးသွားလုပ်ငန်းများဖြစ်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် အလုပ်အကိုင်များစွာ ပေးထားနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်အား မိမိတို့ဒေသ၏ ဝန်ဆောင်မှုကိုရယူခြင်းကြောင့် ရောင်းဝယ်ဖောက်ကားမှုများဖြစ်လာပြီး ဒေသတွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေခြင်းနှင့်အတူ ဒေသခံပြည်သူများဆီ တိုက်ရိုက်ဝင်ငွေရရှိစေမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများ၏ လိုအပ်ချက်များအကြံပြုချက်များ သိရှိနိုင်စေရန်အတွက် မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းမြို့ (၃)မြို့တွင် ပြည်တွင်းခရီးသွားစစ်တမ်းများကောက်ယူခဲ့ပြီး ဖြေဆိုသူခရီးသွားများ၏ Feed Back ရရှိသည့်အခါ လိုအပ်သည်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၁၀/၂၀၂၄ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်/တည်းခိုရိပ်သာဆိုင်ရာ သင်တန်းများဖွင့်လှစ်သွားမည့် အခြေအနေများ၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)