ပုသိမ် ဒီဇင်ဘာ ၆
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကာလသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုကာလဖြစ်ပါကြောင်း၊ ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများပပျောက်ရန်အတွက် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှုဗဟိုဌာနက နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုသည် ကမ္ဘာ့နိုင်ငံအားလုံးတွင်ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် သတိပေးနေခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့် ပြည်သူများက အလေးထားဆောင်ရွက်နေကြောင်းကိုပြသရန်အတွက် လှုံ့ဆော်ပေးခြင်းလဲ ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ပြီး မိမိတို့ အတူတကွစုပေါင်းပြီး တားဆီးကာကွယ်၍ရနိုင်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကြုံတွေ့ရပါက ဥပဒေဖြင့် အကာအကွယ်ရယူမှု၊ တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှုများသည် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများဖြစ်ပါကြောင်း၊ ထို့ကြောင့် “အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ်(၃၀)ပြည့်ဆီ အရောက်လှမ်းစို့” ဟူသောဆောင်ပုဒ်နှင့်အညီ လူထုအသိပညာပေးမှုမြှင့်တင်ရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ၁၆ ရက်တာလှုပ်ရှားမှု များမှအစပြု၍ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက်လိုအပ်သည့် ဝန်ဆောင်မှုများလွယ်လင့်တကူ လက်လှမ်းမီအချိန်မီရရှိနိုင်ရေး ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးကို ဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးများဘဝတစ်လျှောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)