မုံရွာ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်မှ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်များအား ရှင်းလင်းပြောကြားပြီး မိမိတို့တိုင်းဒေသကြီးအတွင်း နေထိုင်ရာအရပ်ဒေသများတွင် လုံခြုံမှုရှိမှသာ နေထိုင်သည့်ပတ်ဝန်းကျင်နှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာအားလုံးမှ အလေးနက်ထားကာ မိမိတို့အားပေးအပ် ထားသည့်လုပ်ငန်းတာဝန်များအပေါ် ကျေပွန်အောင်အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခရိုင်/မြို့နယ်များရှိပြည်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းကာ တောင်သူများထံ လယ်ယာသုံးစက်ကိရိယာများ၊ မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူအားလုံးမှ အားသွန်ခွန်စိုက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရသင့်ရထိုက်သည့် အခွန်အခများကိုလည်း ကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် မြို့များအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မြို့ဝင်မြို့ထွက်နှင့်မြို့အတွင်းရှိ လမ်းဘေးဝဲယာများတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရေးနှင့် ဝန်ထမ်းများစားသောက်ရေး အဆင်ပြေစေရန်အတွက် စားဖိုဆောင်သီးနှံစိုက်ခင်းများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု၊ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မိမိတို့ ခရိုင်များအတွင်း ရှိမြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်