ငပုတောမြို့ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်

ငပုတော ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှအမှုဆောင်အရာရှိ ဦးစိုးဝဏ္ကဝင်းနှင့်ဝန်ထမ်းများ၊ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးဆေးဗူး အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီးနောက် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာမြို့မစျေးအတွင်း ဆီမီးလောင်မှုကို အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းစသော မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးသူ၊ ဈေးသားများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)