ကြံခင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်

ကြံခင်း   ဒီဇင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား​ပြောကြားရာ၌ နိုင်ငံတော်၏ လမ်းညွှန်ချက်များအတိုင်း ပြည်တွင်းဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးကြသည့် တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရန်၊ စိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရန်အတွက် သွင်းအားစုနှင့်မျိုးစေ့များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆောင်းဆီထွက်သီးနှံ နေကြာ(၂၀၀၀)ဧက၊ မြေပဲ (၂၀၀၀)ဧကအတွက် သွင်းအားစုနှင့် မျိုးစေ့များ ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များကို ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ဆောင်းသီးနှံ(ဆီထွက်သီးနှံ)စိုက်ပျိုးကြမည့်တောင်သူများက လက်ခံရယူခဲ့ကြပြီး ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တောင်သူများအား အောင်မြင်ဖြစ်ထွန်းလာစေရန်အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။

​ကြံခင်းမြို့နယ်အတွင်း  ဆောင်းသီးနှံ(ဆီထွက်သီးနှံ) နေကြာ(၆၈၄၁)ဧကနှင့် မြေပဲ(၁၄၈၈၇)ဧက စိုက်ပျိုးသွားမည့်လျာထားချက်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)