ကျိုက်လတ် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)အဖြစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ခနောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရီရီမြင့်က လွတ်လပ်ရေး၏အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့ အ.မ.ကခနောင်(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလှိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်