အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ရန် အစည်းအဝေး ကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၆

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလလူထုစုပေါင်းလမ်း လျှောက်ပွဲကျင်းပဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက နှစ်စဥ် ဒီဇင်ဘာလရောက်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများကစုပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းလမ်းလျှောက်ပွဲတွင် စုရပ်ပြုလုပ်မည့် နေရာ၊ ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်မည့် နေရာများနှင့် လမ်းလျှောက်ပွဲနေ့တွင်ကျွေးမွေးမည့် အာဟာရအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

အိမ်မဲမြို့နယ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ယခုလ(၇)ရက်နေ့မှစတင်၍ မြို့တစ်ပတ်စုပေါင်းလမ်းလျှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)