ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများက စားသုံးသူပြည်သူများ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့်အချက်အလက်များအကြောင်းတို့ကို အသီးသီးအသိပညာပေးရှင်းလင်းဟောပြောကြရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှုစွမ်းရည်များမေးမြန်းကာ အဖြေမှန်ရရှိသူများအား စာရေးကိရိယာသုံးလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)