ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ

ဂန့်ဂေါ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၂)ရက်နေ့မှစတင်၍ ဒီဇင်ဘာ(၅)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများနှင့်စပ်လျဉ်း၍ “ ကျွန်မတို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ) အနေနဲ့ ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလကို ဂုဏ်ပြုသောအားဖြင့် အထက်တန်း/ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူလေးတွေကို ကျန်းမာကြံ့ခိုင်ပြီး၊ စိတ်ဓာတ်ခွန်အားပြည့်ဝကာ၊ ဉာဏ်ရည်ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဘောလုံး(ဖူဆယ်)၊ ဘော်လီဘော၊ ပိုက်ကျော် ခြင်း၊ လွန်ဆွဲပွဲ၊ ဂုံနီအိတ်စွပ်ပြေးပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ တုတ်ဆက်ပြေးပွဲ၊ သံပုရာသီးဇွန်းကိုက်ပြေးပွဲ၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ မီးမငြိမ်းပြေးပွဲ၊ ကင်းမီးကောက်ပြေးပွဲ၊ ဂဏန်းတွက်ပြိုင်ပွဲ၊ အင်္ကျီကြယ်သီးတပ် ပြိုင်ပွဲ စတဲ့ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ် ” ဟု အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းကပြောသည်။

အလားတူ ဂန့်ဂေါမြိုပေါ်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် အခြေခံပညာကျောင်းများတွင်လည်း ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလအဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)