ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာမူလတန်းလွန်ဆင်တဲနှင့် ရွာသစ်ကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကျင်းပခဲ့သည်။ ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး  ဒေါ်မိုးမိုးအိဇင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းပတ်သက်၍ ပြောကြားရာတွင်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများ ရရှိစေရန်၊ အမှားအမှန် ခွဲခြားတတ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  အလယ်အဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ ရသစာအုပ်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)