မြန်အောင် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဆီထွက်သီးနှံစိုက်ပျိုးကြသည့် တောင်သူများ ပန်း တိုင်အထွက်နှုန်းရရှိရန်၊ စိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရန်သွင်းအားစုနှင့်မျိုးစေ့များ ထောက်ပံ့ပေးခြင်းဖြစ်ပြီး တောင်သူအသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ထောက်ပံ့ရခြင်း ရည်ရွယ်ချက်များကိုရှင်း လင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆောင်းဆီထွက်သီးနှံ နေကြာ (၃၅၀၀) ဧက၊ မြေပဲ (၄၅၀၀)ဧကအတွက် သွင်းအားစုနှင့် မျိုးစေ့များ ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များကို မြန်အောင်ခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက ပေးအပ်ရာ ဆောင်းသီးနှံ(ဆီထွက်သီးနှံ) စိုက်ပျိုးကြမည့်တောင်သူများက လက်ခံရယူခဲ့ကြသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ဆောင်းသီးနှံ (ဆီထွက်သီးနှံ) နေကြာ (၆၅၄၁) ဧက နှင့်မြေပဲ (၁၉၀၉၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)