သဲကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဒီဇင်ဘာ ၆

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဖြစ်သော အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ဒီဇင်ဘာလ(၄)ရက်နေ့က အခြေခံပညာမူလတန်းကျောင်း(ဆင်စွယ်ရ)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတစုံလင်စွာ ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရ​ခြင်း​ဖြစ်​ကြောင်းပြောကြားခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်နော်ဌေးဌေးမြင့်က စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရှန်တီစေတနာရှင်အဖွဲ့မှ လှူဒါန်းသော စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်း ဆောင်ရွက်ပေးခဲ့​ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)