ကော့သောင်းမြို့တွင် အဖိုးတန်ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦး စိစစ်ရေးအဖွဲ့ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းချပြ ရှင်းလင်းပွဲ ပြုလုပ်

ကော့သောင်း ဒီဇင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းချပြရှင်းလင်းပွဲကို ယနေ့နံနက်(၁၀) နာရီခန့်က ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က “၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ညွှန်ကြားချက်အမှတ်(၂/၂၀၂၂)ဖြင့် ထုတ်ပြန်ထားသည့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသော အသင်းဝင်မှတ်ပုံတင်ရရှိသူ (သို့မဟုတ်) လုပ်ကိုင်ဆောင်ရွက်သူ သည် ညွှန်ကြားချက်ပါအချက်များအတိုင်း လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း” ထုတ်ပြန်ထားရှိမှုအပေါ် ကော့သောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းရှင်များကို ချပြရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းရှင်များအနေဖြင့် အသင်းဝင်မှတ်ပုံတင်ခွင့်ရရှိရေး ယခင်လျှောက်ထားလာသူ (၃၀)ဦးရှိပြီး မှတ်ပုံတင် လက်မှတ် ရရှိထားသူ(၆)ဦးရှိကြောင်းနှင့် ကျန်ရှိသူများအနေဖြင့်လည်းလျှောက်ထားလာမှုများရှိသော်လည်း ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်တန်းများတက်ရောက်ပြီးမှ မှတ်ပုံတင်ကတ်ပြားများ လျှောက်ထားရမည်ဖြစ်ကြောင်း ညွှန်ကြားထားရှိပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကြီးကြပ်ရေးအာဏာပိုင်များအနေဖြင့် အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ အဖိုးတန်သတ္တုရောင်းဝယ်သူတို့နှင့်စပ်လျဉ်းသော အသင်းဝင်မှတ်ပုံတင်ရရှိသူ (သို့မဟုတ်) အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကြီးကြပ်စစ်ဆေးခွင့်ရှိသည့်အကြောင်းနှင့် ကော့သောင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတော်မှ လိုအပ်ချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်” အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးစိုးထွန်းက  “ရွှေလုပ်ငန်းလိုင်စင်လျှောက်ထားမှုစပ်လျဥ်းသည့် ကိစ္စရပ်များ၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းသည့် အကြောင်းအရာများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ကမ္ဘာရွှေဈေး ကွက်အခြေအနေများနှင့် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသော အခွင့်အာဏာကိုကျင့်သုံး၍ ရွှေအမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များအား ချပြရှင်းလင်းခဲ့သည်။

 ယင်းနောက်တက်ရောက်ကြသည့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက မှာကြားရန် ရှိသည်များ ပြောကြားခဲ့ကြပြီး တက်ရောက်ကြသည့် အဖိုးတန်‌ရွှေသတ္တုလုပ်ငန်းရှင်များမှ သိလိုသည်များမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)