ထားဝယ် ဒီဇင်ဘာ ၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမည့်ဆရာ၊ ဆရာမလောင်းများအား ကြိုဆိုပွဲ အခမ်းအနားဖြစ်ပြီး ကိုယ့်ဒေသကို ချစ်မြတ်နိုးပြီး၊ ဒေသ၏ဆရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော ဆရာ၊ ဆရာမများ ပေါ်ထွန်းလာမှာဖြစ်သောကြောင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူမှုအပေါ်မူတည်ပြီးကျောင်းသား၊ ကျောင်းသူများသည် နောင်အနာဂတ်အတွက် အားကိုး အားထားပြုရမည့် မျိုးဆက်သစ်များဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို တိုင်တာသည့်နေရာတွင် ဆရာ၊ ဆရာမများ၏အရည်အသွေး၊ အရည်အချင်း၊ စေတနာအပေါ်မူတည်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားသင်ယူမှုအပေါ်တွင် နားလည်သဘောပေါက်ရန်၊ ပညာတိုးပွားရန်၊ စိတ်ဓာတ်မြင့်မားလာအောင်သင်ကြားသည့်အခါ ခက်ခဲသလိုတာဝန်ကြီးပြီး တန်ဖိုးရှိကြောင်း၊ ဆရာတစ်ဦးဖြစ်ရန် ဝါသနာ၊ စေတနာ၊ အနစ်နာ ဟူသော နာသုံးနာရှိရမည်ဖြစ်ကြောင်း၊ ဒါကြောင့် ပညာတတ်သူ၊ စိတ်စေတနာကောင်းသူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ထက်မြက်သူ၊ ဝီရိယရှိသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးနိုင်သော ဆရာများ၏အခန်းကဏ္ဍသည် လူ့ဘောင်လောက အတွက် အလွန်အရေးကြီးအရေးပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့်သင် ဆရာ၊ဆရာမများ လိုအပ်ချက်များပြားလျက်ရှိကြောင်း၊ ပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ယူပြီး မူလတန်းဆရာ့အတတ်ပညာလက်မှတ်ရသူများ၊ B.Sc (Education)၊B.A (Education) ဘွဲ့ရသူများဖြစ်လာသည့်အခါ အနာဂတ်မျိုးဆက်သစ်များ၏ သင်ကြားသင်ယူမှုကို ထိရောက်စွာပံ့ပိုးကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်း အမှာစကားပြော ကြားခဲ့သည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းကသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်း၏လိုအပ်သည်နေရာများတွင် အသုံးပြုရန်ထောက်ပံ့ငွေ(၁၀) သိန်းအား ပေးအပ်ရာကျောင်းအုပ်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မလေးလက်ခတ်သံ သီချင်း၊ ရွှေမိုးရွာသီချင်း၊ ဘက်စုံဦးတည် DEDC သီချင်းဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)