ကော့ကရိတ် ဒီဇင်ဘာ ၆
ကျောင်းသား/ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းအကြောင်းအရာများ နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဒုမြို့နယ်ပညာရေးမှူး စောဂျဲလေးက ကျောင်းသား/ သူများ အသိပညာဗဟုသုတ ကြွယ်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းနိုင်စေရေးအတွက် မှတ်သားဖွယ်ရာများကို ပြောကြားခဲ့ကြသည်။
ထိုနောက် ယာဉ်ထိန်းရဲအုပ်မှ ယာဥ်အန္တရာယ်ကင်းရှင်းရန်နှင့် ယာဥ်တိုက်မှုလျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်လိုက်နာရမည့် စည်းကမ်းချက်များ၊ နည်းဥပဒေ၊ ပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မောင်းနှင်စီးနှင်းရေး စသည့် သတိပြုရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)