ဒေးဒရဲမြို့နယ် လေးအိမ်ကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၄)ရက်နေ့နံနက်ပိုင်းက လေးအိမ်ကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင် ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနများလိုက်ပါ၍ ကျေးရွာသန့်ရှင်းသာယာရေးဆောင်ရွက်နေမှုများ၊ နွေစပါးနှင့် ဆောင်သီးနှံဧကများ စိုက်ပျိုးရေးရရှိရေး တူးဖော်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်ကို မှာကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိမှုအခြေအနေများ၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)