ကြံခင်းမြို့၌ အ.မ.က(ရွာသစ်မြောက်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.မ.က(ရွာသစ်မြောက်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါကျောင်းရှိ ကွင်းပြင်၌ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦး တက်ရောက်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲတွင် အ.မ.က(ရွာသစ်မြောက်) ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီသန္တာအောင်က အဖွင့်အမှာစကားပြောကြားပြီး    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က သားငယ်သမီးငယ်များအား လူတော် လူကောင်းများ ဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန် ​ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန်နှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုကာ စာကြည့်တိုက်များသို့ ဝင်ထွက် သွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက စာပေ၏ အကျိုးကျေးဇူးခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ခြေချလက်ချ ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဒုမူလတန်းပြဆရာ ‌ဦးကျော်စည်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)