ပိုင်ကျုံမြို့၌  နှမ်းနက်(ခေါ်)စမုန်နက်နှမ်းများပေါ်ချိန်၌ စျေးကောင်းရရန် နှမ်းစိုက် တောင်သူများမျှော်လင့်

ပိုင်ကျုံ  ဒီဇင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူများအနေဖြင့်  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက် ရှိပြီး၊ မိသားစုဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းများကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြသည်။ 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ တောင်ယာ လုပ်ငန်းများကို လုပ်ကိုင်သည့် တောင်သူဦးကြီးများအနေဖြင့် မိမိတောင်ယာတွင် ဆူးထိုးစိုက်ပျိုးသည့်စပါးများအပြင် မိသားစုဆီဖုံလုံရေးတွက် မိုးနှမ်းများကို သီးညှပ်အဖြစ်စိုက်ပျိုးခဲ့ကြကြောင်း၊ လယ်လုပ်ကိုင်သည့် တောင်သူတို့လည်း မိမိလယ်ယာမြေများနှင့် ကိုင်းမြေများတွင် စပါးများအပြင် စားသုံးဆီဖုံလုံရေးနှင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက်စိုက်ပျိုးစရိတ် သက်သာသည့် နှမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို အများအားဖြင့်စိုက်ပျိုးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိသားစုစားဝတ်နေရေးနှင့် ဆီဖုံလုံရေးအတွက် အထောက်အကူဖြစ်စေပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း၊ ယခုနှစ်တွင်နှမ်းစိုက်ပျိုးမှုကို ယခင်နှစ်ထက် ပိုမို စိုက်ပျိုးလာကြကြောင်း၊ ယခင်နှစ် နှမ်းတစ်တင်းလျှင် ငွေကျပ် ၁၁၀၀၀၀ ထိ ရောင်းချရကြောင်း၊ ယခုနှစ်မှာနှမ်းများပေါ်ချိန်၌  စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း နှမ်းစိုက် တောင်သူများထံမှ သိရသည်။

နော်ခူး(ပြန်/ဆက်)