ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုးအေးနှင့် စာထောက်-၃ ဒေါ်နော်မုနော်ဂေတို့က ရေကြီးမှုဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေမကြီးမီကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား/ သူများအား စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး ဟောပြောပြီးနောက် သဘာဝဘေးအန္တရာယ်များဖြစ်သော မြေပြိုဘေး၊ ငလျှင်ဘေး၊ ရေဘေးအသိပညာပေးအချက်များ ပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ ပြသဆောင်ရွက်ထားရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)