ကျုံပျော် ဒီဇင်ဘာ ၆
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကံ့ကော်ခန်းမ၌ ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာယူသင့်သည့် အလေ့အကျင့်များကို၎င်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို ၎င်းအားဆွေးနွေးပြောကြားသည်။
ထို့နောက် Grade (11)မှ ကျောင်းသူများ ဖြစ်ကြသည့် မအိအိသွယ်နှင့် မယမင်းထိုက်၊ Grade (10) မှ ကျောင်းသားများဖြစ်ကြသည့် မောင်အောင်သက်ကိုနှင့် မောင်နန္ဒဝေယံဦးတို့က လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် အားကစား စသည့်အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အင်းရဲကျေးရွာ အ.ထ.ကမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင်ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)