ကန်ကြီးထောင့်မြို့နယ်၌ အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ကန်ကြီးထောင့် ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန်ပြည်သူများ ပလပ်စတစ်အိတ်သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်က အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကန်ကြီး‌ထောင့်မြို့မဈေးသစ်ကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကန်ကြီးထောင့်မြို့မဈေးသစ်ကြီးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကြွပ်ကြွပ်အိတ်၊ ပလပ်စတစ်အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူနှင့် အခြားသင့်လျော်ရာ အစားထိုးပစ္စည်းများဖြင့် ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများဖြင့် ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်မှုရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များမှ လိုက်လံကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)