မင်းလှ ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာမြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြို့နယ်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်သီတာဝင်း၊ ဈေးကော်မတီဝင်းများ ပူးပေါင်း၍ ပွင့်လင်းရာသီတို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရန်အတွက် မီးသတိရှိရေးအထူးဂရုစိုက်ကြရန်နှင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် အပေါ့စားလက်စွဲရေစုပ်စက်တပ်ဆင်ထားရှိမှု၊ ဈေးအတွင်း မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေများ၊ အမြင့်တင်ရေလှောင်ကန်ဂါလံ (၂၀၀၀) ဝင်ဆံ့သည့် ရေစင်ထားရှိမှုနှင့် ရေပိုက်လိုင်းတပ်ဆင်ထားမှုအခြေအနေများ၊ လျပ်စစ်မီးသုံးစွဲမှုအခြေအနေများနှင့် မီးစနစ်တကျကိုင်တွယ်သုံးစွဲခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ရှောင်ရန်များကို ဈေးကော်မတီဥက္ကဋ္ဌနှင့် ဈေးသူဈေးသားများကို အသိပညာပေးပြောကြားခြင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးဇတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ