ကျွန်းစု ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာဥပဒေ (မူကြမ်း)အား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ် အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ယင်းဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ လူထုတွေဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များနှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ လောင်းလုံ မဲဆန္ဒနယ် အမှတ်(၁)မှ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဆိုင်ရာ ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ အချက်(၁၀)ချက်ပါ အမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရည်ရွယ်ချက်များ၊ ခွင့်ပြုအမိန့်လျှောက်ထားမှုများ၊ ဓာတ်သတ္တုထုတ်လုပ်ရန် မြေနှင့်ရေသုံးစွဲခွင့် များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ခြင်းများ၊ စသည့်အချက်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြုဖြည့်စွက်လိုသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် မြိတ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရဿည်။
စည်သူရအောင်(ကျွန်းစု)