ဘားအံ ဒီဇင်ဘာ ၆
ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် နေ့စဉ်စားသုံးနေရသော စားဖိုဆောင်သီးနှံ ဟင်းသီး ဟင်းရွက်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများမှ သန့်ရှင်းလတ်ဆက်သော သီးနှံများကို သက်သာသောနှုန်းထားဖြင့် အလွယ်တကူဝယ်ယူစားသုံးနိုင်စေရန် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့်ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာ၊ ဆယ်အိမ်စုရှိ စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဆောင်းသီးနှံနှင့်ဟင်းသီးဟင်းရွက်စိုက်ခင်း( ၄၃၄ )ဧကနှင့် ကော့ထော်ကျေးရွာအုပ်စုတွင် ဆောင်းသီးနှံစိုက်ခင်း(၃၀၃၃)ဧက စိုက်ပျိုးထားရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လှာကမြင်လမ်းရှိ အောင်မြင်ဖြစ်ထွန်းနေသော ပဲပုတ်စိုက်ခင်း၊ အောင်မြင်ဖြစ်ထွန်းနေသော ရေကျနောက်စိုက်မိုးစပါးစိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင် ကုန်းကျေးရွာရှိ တောင်သူဒေါ်မငယ်၏ စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်စိုက်ခြံနှင့် တောင်သူဦးမောင်ဒုံး၏ ဟင်းသီးဟင်းရွက်စိုက်ခြံတို့ကို ကြည့်ရှုအားပေးပြီး တောင်သူလိုအပ်ချက် များကိုမေးမြန်းဆွေးနွေး၍ မြေဩဇာနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၏ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ယာစီမံကိန်း အိမ်ထောင် ကွက်ပေါင်း ၄၇၀၀ ကျော်အား ရေပေးဝေနိုင်ရေး သံလွင်မြစ်မှရေကို ၈ လက်မပိုက်လိုင်း ၂၀၇၀၀ ပေသွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှာကမြင်-ဆယ်အိမ်စုကုန်ထုတ်လမ်းဘေး ဝဲယာရှိ အောင်မြင်ဖြစ်ထွန်းနေသော စားဖိုဆောင်သီးနှံစိုက်ခင်းများနှင့် ရေကျနောက်စိုက်မိုးစပါး စိုက်ခင်းများအား မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုအားပေးပြီး လှာကမြင်ကျေးရွာ ရသဝေါ်အင်း အကျိုးပြုဧရိယာအတွင်းရှိ နွေစပါးဧက (၁၀၀)ခန့် စိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်စိုက်ပျိုးနေမှု၊ ရသဝေါ်အင်းရေထိန်းတံခါးနှင့်ရသဝေါ်အင်းကန်ပတ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)