ပခုက္ကူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးဦးက ကလေးအလုပ်သမားများ၏ အခွင့်အရေးနှင့် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဆိုင်များနှင့် အလုပ်ဌာနများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်များနှင့်ရည်မှန်းချက်များ၊ အဆိုးရွားဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဟောပြောကြသည်။
အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာ့ရိုးရာစကားပုံနှင့် စကားထာပြိုင်ပွဲများ ကျင်းပခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)