ပခုက္ကူ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးအဆောက်အဦလုံခြုံရေးလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်ကြရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲပြဿနာများ၊ လုပ်ငန်းများအမျိုးအစားအလိုက် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးရေးနှင့် ဆက်လက်ဆောင်ရွက်နေမှ အခြေအနေတို့ကို အသီးသီးဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)