ဖြူး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများအား အသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က ဖြူးအရှေ့ကျေးရွာအုပ်စု၊ နတ်ရေကန် ကျေးရွာအခြေခံ ပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် စာဖတ်ခြင်းအကျိုး ကျေးဇူးများကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပပလင်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများစားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ အကြောင်းကိုလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးကြသည်။
အလားတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ် ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်များ၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများ ဖတ်ရှုစေခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)