လိပ်သိုဒေသတွင် သံပုရာပင်များ စိုက်ပျိုးထားခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင်ဖြစ်သော သံပုရာပင်များမှ သံပုရာသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။

သံပုရာပင် စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုးသည့်မြေသည် ရေစီးရေလာကောင်းမွန်သည့် မြေဖြစ်သင့်ပြီး နေရောင်ခြည်ကောင်းမွန်သည့်နေရာတွင် စိုက်ပျိုးလျှင် ပန်းများများ ပွင့်၍ အသီးများစွာသီးမည်ဖြစ်ကြောင်း၊ ပြုံပြွတ်ပြီး သီးနေသည့်အသီးများထဲမှ တစ်ချို့ အသီးများကို ခြွေပေးခြင်းမှ အရွယ်အစားကြီးမားသည့် အသီးများရရှိမည်ဖြစ်ကြောင်း၊ သံပုရာပင်စိုက်ပျိုးချိန်တွင် ရေများကိုလည်း လုံလုံလောက်လောက်ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သံပုရာပင်စိုက်ပျိုးသူတောင်သူတစ်ဦးထံမှ သိရသည်။

လိပ်သိုမြို့ပေါ်၌ သံပုရာသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင် (၁၅ဝိ/-) မှ (၃၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရသည်။ 

ခင်လေးနွယ်