ဘုတ်ပြင်း ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် မီးသတိရှိရေး၊ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေအန္တရာယ်များ ကျရောက်လာပါက လျင်မြန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့ညနေ ၃ နာရီအချိန်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မောင်လေးဟိုတယ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများမှ တာဝန်ရှိသူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးတို့က ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ကြောင့် ပိတ်မိနေသည့်လူနာများ၊ မီးဘေးကြောင့် ထိခိုက်မိသူများအား အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်မှု၊ လူနာများအား အထပ်မြင့်ပေါ်မှ ကူညီကယ်ဆယ်နေမှုများနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ ထိခိုက်မိလူနာများကို အရေးပေါ်ယာဉ်ဖြင့် စနစ်တကျသယ်ယူခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဟိုတယ်၊ တည်းခိုခန်းများမှတာဝန်ရှိသူများက ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)