ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး   ဒီဇင်ဘာ   ၅

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးမျာ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ ဖိတ်ကြားထားသော မသန်စွမ်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး၊ မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” Amplifying the Leadership of Persons with Disabilities for an Inclusive and Sustainable Future ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ ( ၂၀၁၅ ) ကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြခံဥပဒေနှင့်အညီ မသန်စွမ်းသူများကို ပိုမို၍ ကြည့်ရှုစောင့်ရှောက်ရန်၊ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံသားများခံစားခွင့်ရှိ သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်ကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ အလုပ် အကိုင်အဆင့်အတန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများ ၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တို့ကို ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း မြေမြှင့်မိုင်းဒဏ်သင့်မှုကြောင့် ခန္ဓာကိုယ်ထိခိုက်၍ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့် အရပ်သားပြည်သူ(၁၄)ဦးနှင့် အခြားမသန်စွမ်းသူ (၂)ဦး၊ ပေါင်း (၁၆)ဦးအတွက် ၂၀၂၂−၂၀၂၃ ၊ ၂၀၂၃−၂၀၂၄ နှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေစုစုပေါင်း ၃,၃၀၀,၀၀၀/− နှင့် လူမှုဝန်ထမ်းဦးစီးဌာန မှ Wheel Chair (၅) စီး ထောက်ပံ့နိုင်ခဲ့ကြောင်းနှင့် မသန်စွမ်းသူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှုနှင့် ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် လူတိုင်းမှာ တာဝန်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာနှင့် Video Clip ပြသပြီး ဟားခါးမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း Grade-12 မှ မသန်စွမ်းကျောင်းသူ မချိုချိုဝင်းက “ကီမိုတောင်တန်း သီချင်း” ဖြင့်လည်းကောင်း၊ ဟားခါးမြို့ပေါ်ရှိ မသန်စွမ်းသူ ဦးဝင်းမြင့်ဦးက “ဟောင်းပြီ” သီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် မသန်စွမ်းသူများအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပြီး မသန်စွမ်းသူများကိုယ်စား မသန်စွမ်းသူတစ်ဦးက လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် မသန်စွမ်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)